Friday, September 4, 2009

ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ

ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ မိတ်ဆက်

( အေးငြိမ်းကျော် - ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ဦး )

ယနေ့ကမ္ဘာ့လူဦးရေ သန်းပေါင်းခြောက်ထောင်ကျော် ရှိသည်။ ကိုးကွယ်ဆည်းကပ်ကြသည့် ဘာသာကြီး လေးမျိုးရှိသည်။ ပေါ်ထွန်းသည့်ကာလအစဉ်အရဆိုလျှင် ဟိန္ဒူဘာသာက ပထမဦးဆုံး ပေါ်ထွန်းသည်။ ဗုဒ္ဓဘာသာက ဒုတိယ၊ ခရစ်ယာန်ဘာသာက တတိယ၊ အစ္စလာမ်ဘာသာက စတုတ္ထ အစဉ်အတိုင်း ပေါ်ထွန်းခဲ့သည်။ ကိုးကွယ်သူ အနည်းအများအရ စဉ်ကြည့်မည်ဆိုလျှင် ခရစ်ယာန်ဘာသာဝင်ဦးရေက အများဆုံးဖြစ်သည်။ အစ္စလာမ် ဘာသာဝင်ဦးရေက ဒုတိယလိုက်သည်။ ဟိန္ဒူဘာသာဝင်ဦးရေက တတိယလိုက်သည်။ ဗုဒ္ဓဘာသာဝင်ဦးရေက အခြား ဘာသာကြီးများနှင့်နှိုင်းယှဉ်လျှင် အနည်းဆုံး ဖြစ်နေသည်။ ဘာသာမဲ့ဦးရေ၊ နတ်စသည့် မိရိုး ဖ လာ ကိုးကွယ်သည့် ဦးရေ တို့ထက်ပင် နည်းနေသည့်အဖြစ်သို့ ရောက်ရှိနေကြောင်း တွေ့ရသည်။
စောစီးစွာ ပေါ်ထွန်းသည့် ဘာသာကြီးများထက် နောက်ကျမှပေါ်ထွန်းသည့်ဘာသာကြီးများက လူသားတို့အကြားတွင် အဘယ့်ကြောင့် ပိုမို၍ ရေပန်းစားနေရပါသနည်း။ လူကြိုက်များနေရပါသနည်း။ ရှုထောင့် အမျိုးမျိုးမှနေ၍ အဖြေအမျိုးမျိုး ဖြေဆိုနိုင်မည်ဖြစ်သည်။ အဓိကကျသော အကြောင်းရင်းမှာ ကိုးကွယ်ဆည်းကပ် သောသူကို ကောင်းကျိုးအပေး နည်းနေ၍သာ ဖြစ်ပါလိမ့်မည်။ သို့တည်းမဟုတ် ကောင်းကျိုးအပေးနည်းသည်ဟု ထင်ကြ၍သာ ဖြစ်ပါလိမ့်မည်။
ယနေ့ ကိုးကွယ်ဆည်းကပ်နေကြသော ဘာသာကြီးများ အားလုံးလိုလို မမွေးမီ အတိတ်ဘ၀နှင့် သေပြီးနောင်ဘ၀တို့ကို ညွှန်ပြပြီး လူသားတို့၏ အရိုင်းစိတ်ကို ထိန်းချုပ်ပြုပြင်လေ့ရှိကြသည်။ အထူးသဖြင့် သေပြီးနောင်ဘ၀တွင် ကောင်းမွန်စွာ နေထိုင်နိုင်ရေးကို ပိုပြီး ညွှန်ပြကြသည်။ ကောင်းသောဘ၀၊ ကောင်းသောဘုံ၊ ကောင်းကင်နိုင်ငံ စသည်တို့သို့ ရောက်ရှိ ခံစားနိုင်ရေး နည်းလမ်းများကို ဘာသာရေးခေါင်းဆောင်များက ဟောကြား ပြသပေးကြသည်။
ဂေါတမဗုဒ္ဓမြတ်စွာ၏ ဟောကြားချက်များတွင် သေပြီးနောင် မိမိ ဆက်၍ ဖြစ်ဦးမည်ဟုယူလျှင် သဿတမိစ္ဆာဒိဋ္ဌိ အယူမှားကို ယူသူဖြစ်ကြောင်း သေချာစွာတွေ့ရသည်။ သို့သော် ယနေ့ ဗုဒ္ဓဘာသာဝင် အားလုံး လိုလိုပင် တရားထူး မရသေးမချင်း သေပြီးနောင် မိမိတို့ ဆက်၍ ဖြစ်ဦးမည်ဟု ခံယူနေကြသည်။ အချို့ကမူ ဆက်ဖြစ်သူမှာ မိမိလည်းမဟုတ်၊ မိမိနှင့် အကြောင်းကင်းသူလည်းမဟုတ်ဟု ခံယူပြီး သဿတမိစ္ဆာဒိဋ္ဌိအယူမှ လွတ်အောင် ကြိုးစားကြသည်။
ဘာသာတရားကို ယုံကြည်မှုအားနည်းသူများက သေလျှင် ပြီးပြီဟု ခံယူလေ့ရှိကြသည်။ ထိုသို့ ယူသူမျိုးမှာ ဗုဒ္ဓဒေသနာတွင် ဥစ္ဆေဒမိစ္ဆာဒိဋ္ဌိအယူမှားကို ယူသူဖြစ်ကြောင်း တွေ့ရပြန်သည်။
လူသားအားလုံးလိုလို အထက်ပါ အယူနှစ်မျိုးအနက် တစ်မျိုးမျိုးကို ယူထားကြသည်ကို တွေ့မြင် ရသည်။ ဆက်မှားနှင့် ပြတ်မှား အယူမှားများမှ လွတ်မြောက်နေသူကိုသာ သမ္မာဒိဋ္ဌိအယူမှန်ရှိသူဖြစ်သည်ဟု ဗုဒ္ဓမြတ်စွာ၏ ညွှန်ပြချက်ကို နားလည် သဘောပေါက်သူကား ရှားပါးလွန်းလှသည်။
အထက်ပါ အယူမှား နှစ်မျိုးစလုံးမှ လွတ်မြောက်သောအယူကို ညွှန်ပြနိုင်စွမ်းရှိသော ဆရာတော် တစ်ပါး မြန်မာပြည်တွင် လွန်ခဲ့သော နှစ်လေးဆယ်ခန့်ကတည်းက ပေါ်ထွန်းခဲ့သည်။ ဘုရားဟော ဒေသနာများ အားလုံးကို ရှေးရှေးဘ၀နှင့် နောက်နောက်ဘ၀ဆိုင်ရာ အယူအမြင်များ မပါဝင်ဘဲ ရှင်းလင်း ဟောကြားပေးခဲ့သည်။ ရှိရင်းစွဲ ဗုဒ္ဓ၀ါဒ ဖွင့်ဆိုချက်များနှင့် မတူညီ၍ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဟု အမည်ပေး ကင်ပွန်းတတ်ခဲ့ရသည်။
လူ့ဘ၀နှင့်ပတ်သက်၍ ဆက်မှားနှင့်ပြတ်မှား ဟူသော အယူမှားနှစ်မျိုးမှ လွတ်မြောက်စေနိုင်သော ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာကို ဆက်လက် လေ့လာလိုပါက လစဉ် စောင့်မျှော် ဖတ်ရှုကြပါရန် လေးစားစွာဖြင့် တိုက်တွန်း မိတ်ဆက်လိုက်ပါသည်။ ။

( အယ်ဒီတာ့မှတ်ချက်။ ။ ဖေဖော်ဝါရီလထုတ် မန္တလေးဂေဇက်တွင် ဖေါ်ပြပြီး)

No comments: