Tuesday, September 1, 2009

ဗုဒ္ဓကြုံခဲ့တဲ့ ပြဿနာ

ဘုရားရှင်လက်ထက်က မဟာလိ ဆိုသူရှိသည်။ လိစ္ဆ၀ီမင်းသားတစ်ဦးလည်း ဖြစ်သည်။ သူ့ခေတ် သူ့ခါအရ ယောင်္ကျားတို့တတ်အပ်သော အဋ္ဌာရသပညာကို ကျွမ်းကျင်လိမ္မာသူဖြစ်သည်။ မဟာလိသည် ဗန္ဓုလသေနာပတိနှင့် ပသေနဒီတို့နှင့်လည်း ရင်းနှီးသူဖြစ်သည်။ သူ၏ ပညာရပ်ကြောင့် ထိုသူတို့နှင့် ရင်းနှီးရခြင်းဖြစ်သည်။ သို့သော် သူမကျေနပ်ချက် တစ်ချက်ရှိသည်။ ထိုအရာကား “သိကြားမင်း” ။ ဖြစ်ရပ်တစ်ခုကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ပါက ထိုကိစ္စဖြစ်နိုင်သည်ဟု လက်ခံပေးနိုင်သည်။ ကိုယ်ပင် မတွေ့စေကာမူ ရှေးဘိုးဘီဘင် သို့မဟုတ် တန်ခိုးရှိသူ သို့မဟုတ် အခြားတစ်စုံတစ်ယောက်က တွေ့မြင်ဖူးသည် ဆိုခဲ့ပါက ထိုကိစ္စဖြစ်နိုင်သည်ဟု သူလက်ခံပေးနိုင်သည်။ မည်သူမျှ မျက်မြင်မရှိဘူး။ သို့သော် ပညာရှင်များက သက်သေ သာဓကတို့ဖြင့် ယုတ္တိခိုင်မာစွာ ပြနိုင်သည်။ သို့ဆိုလျှင် ထိုကိစ္စကို သူလက်ခံနိုင်သည်။ ခုတော့ ဘယ်လိုမှ မဖြစ်နိုင်သည့် သိကြားမင်းကို ဘုရားရှင်က ရှိသည် ဟုပြောလိုက်ပြီ။ ရှိသည် ဟု ပြောလိုက်ရုံမက မာဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်၊ အရှေ့မျက်နှာ၊ အမ္ဗသဏ္ဍရွာရဲ့ မြောက်ဘက် ဝေဒိယကတောင်ယံ၊ ဣန္ဒသာလာတောင်မှာ သိကြားမင်းနှင့် ဘုရားရှင်တို့ အမေးအဖြေပင် ပြုလုပ်ခဲ့သေးသည်ဆိုပါလား။ ဘုရားက သိကြားမင်းကို တရားဟောတယ်ဆိုတာ မဖြစ်နိုင်။ သိကြားမင်းကို ရည်ညွန်းရုံသာ ဖြစ်နိုင်သည်။ သိကြားမင်း ဆိုသည်ကလည်း မဖြစ်နိုင်။ သိကြားမင်းအမည်ခံထားသူ တစ်ယောက်ယောက်သာဖြစ်နိုင်သည်။ မဟာလိဆိုတာ အကန်းယုံ ယုံတတ်သူမဟုတ်။ ဘယ်လိုမှ မဖြစ်နိုင်သည့် ကိစ္စကို သူလက်မခံနိုင်ပါ။
ဤသို့ ဤသို့ ဘုရားရှင်လက်ထက်ကလည်း နတ်၊ သိကြား၊ ဗြဟ္မာပြဿနာများ ဖြစ်ခဲ့ဖူးပါတယ်။ ဉာဏက ခုမှ အလန့်တကြား ထလုပ်ပြတာကို ဘာသာရေး အသိခေါင်းပါးတဲ့သူများက ယုံသွားတယ်။ အင်းလေ။ မဟာလိဆိုတာ ပသေနဒီ ကောသလဘုရင်တို့ ဗန္ဓုလ သေနာပတိတို့က တိုင်ပင်ရတဲ့ အထိ ပညာရှိတဲ့သူပဲ။ ဒါပေမယ့် သူစဉ်းစားတယ်လေ။ ဗုဒ္ဓဘာသာဟာ စဉ်းစားရုံနဲ့ ရတဲ့ဘာသာမဟုတ်ဘူးဆိုတာ သူမှ မသိခဲ့ပဲလေ။ တော်သေးတာပေါ့။ ဘုရားရှင် ရှိနေသေးလို့။
ဘုရားရှင် ထမင်းစားတာကို တဏှာမကုန်သေးဘူးလို့ ဉာဏက ခုမှ စွပ်စွဲတာပါ။ ဘုရားရှင် လက်ထက်ကတည်းက ရဟန်းတစ်ပါးက စွပ်စွဲထားပြီးသားပါ။ နည်းနည်းကွဲနေတာ တစ်ခုတော့ ရှိတယ်။ ဘုရားရှင်လက်ထက်က ဘုရားရှင်ဟာ မွေ့ယာပေါ်အိပ်တယ်။ အကောင်းစား သင်္ကန်းရုံတယ်။ ဒါ ဘုရားရှင် တဏှာမကုန်သေးလို့ပဲလို့ စွပ်စွဲတာ။ ခုမှ ဉာဏအလန့်တကြား ထလုပ်ပြတာကို ဗုဒ္ဓဘာသာကို ဘာမှန်းမသိတဲ့သူတွေက ရိုင်းရိုင်းပြောရရင် နလပိန်းတုံးတွေက အထင်ကြီးမယ်ဆိုလည်း ကြီးစရာပဲ။ ဉာဏကို။ ဉာဏက သူ့ကိုယ်သူ ဘုရားလို့ လုပ်လိုက်တာ မဆန်းပါဘူး။ ဒေ၀ဒတ်လည်း ဘုရားလုပ်တာပဲလေ။ သူ့တပည့် ရင်ဝကို ဖနောင့်နဲ့ဆောင့်ကန်လို့ သွေးအန်တာပဲ။ ဗုဒ္ဓဘာသာက ညွန်ပြထားတဲ့ မြန်မာ့ ယဉ်ကျေးမှုအရ ဉာဏတော့ ရင်ဝကို ဖနောင့်နဲ့ အပေါက်မခံရလောက်ပါဘူး။ ဒါပေမယ့် လွယ်တော့ မလွယ်ဘူး။
မာလုကျပုတ္တနဲ့ပတ်သက်တဲ့ တရားကို ပစ္စုပ္ပန်ကမ္မ၀ါဒ (ရေးရတာ သနလိုက်တာ) သမားတွေက တရားကို တစ်ဝက်ဖြတ်ယူထားတယ်။ ဘုရားက နောင်ဘ၀ မရှိဘူးလို့လည်း ငါ မဟောဘူး။ နောက်ဘ၀ရှိတယ်လို့လည်း ငါမဟောဘူး။ ဒါကြောင့် ဘုရားဒီတရား မဟောဘူးလို့ ဘာလို့ ဇွတ်ရွတ်ရေးပစ်ကြတာလဲ။ ဘာကြောင့် ဘုရားအဲဒီတရားကို မဟောရတာလဲလို့ ဘာကြောင့် ဆက်မရေးကြတာလဲ။ အဲဒီလို တပိုင်းတစလျှောက်ယူပြီး ရေးနေသမျှ အမှန်တရားနဲ့ ဝေးမှာပဲ။ ဒါလေးကို အမှန်ထင်ပြီး တရားအစစ်အမှန်ကို မတွေ့နိုင်ကြတော့ဘူး။ မှတ်ထားလိုက်ဦး။ ဘုရားက ပုဂ္ဂလဇ္ဈာသယအလိုက် ဟောခဲ့တာရှိသေးတယ်။ ဥပမာ ဘာသာအားလုံးကို စိန်ခေါ်လိုက်နိုင်တဲ့ ကာလာမသုတ္တန်ထဲက တရား (၁၀) ပါး။ အဲဒီတရားက ဘာသာတရားအားလုံးကို စိန်ခေါ်လိုက်ပေမယ့် ပုဂ္ဂလဇ္ဈာသယတရားပဲဖြစ်ပါတယ်။

No comments: