Friday, September 11, 2009
အသိပေးချက်အမှတ်စဉ်(၂)
အသိပေးချက်အမှတ်စဉ်(၂)
အထက်ပါအသိပေးချက်အမှတ်စဉ်(၁)ကို ၂ဝဝ၉-ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် နိုင်ငံတော်သို့ တင်ပြထားသော ပစ္စုပ္ပန် ကမ္မဝါဒ ဗုဒ္ဓဘာသာ အမည်ခံတို့၏ ဝါဒအပေါ်တွင် စောဒနာတင်ထားသည့်''သနိဒါနမဟာစောဒနာ'' တို့အတွက် အကြောင်းခံဖြစ်သော ''စောဒနာတို့၏နိဒါန်းကြီး'' ထဲတွင် စာမျက်နှာ (၉၉)အတွင်း၌ ထည့်သွင်းဖေါ်ပြလျက် အသိပေးထားပြီး ဖြစ်ပါသည်။
ထိုအသိပေးချက်အပေါ်တွင် သက်ဆိုင်ရာအကြီးအကဲများက အလွန်အမင်းပင် စိတ်ဝင်တစား ဖြစ်တော်မူကြပါသည်။ စောဒကဆရာတော်များဖြစ်ကြသည့် စာရေးသူတို့အား ထိုထိုပူးတွဲပါ အသိပေးချက်များနှင့် စပ်လျဉ်းသမျှတို့ကို အသေးစိတ်ဆောင်ရွက်ပေးကြရန် ညွှန်ကြားချက်များကိုလည်း ပေးလာကြပါ သည်။
ထို့ကြောင့် တာဝန်ရှိလာသည့်အလျှောက် စာရေးသူတို့ စောဒကများ အနေဖြင့်လည်း ဆက်လက်၍ စုံစမ်းလေ့လာပြီး ဓမ္မစေတီ ဦးကောသလ္လ ဦးဆောင်နေသည့် အဓမ္မဝါဒဆိုင်ရာတို့ကို စောဒနာပြုပေးကြရန် ပထမဆုံး ဦးစားပေးအနေဖြင့် စီစဉ်ကြရပါသည်။
ဆူးလေဦးမြင့်သိန်း၏ အဓမ္မဝါဒများသည် (၁၃၁၅-၁၃၄၄)ခုနှစ်များတွင် အလွန် အမင်း ကြီးထွားလွှမ်းမိုးခဲ့မည်ဖြစ်ကြောင်း ဆင်ခြင်ကြည့်၍ တွေ့မြင်ကြရပါသည်။ အဘယ့်ကြောင့်နည်းဟူမူ ထိုဂိုဏ်းထုတ်စာအုပ်များတွင် ထိုနှစ်များအတွင်းက သက္ကရာစ်ခုနှစ်များ တွေ့မြင်ကြရသောကြောင့်ပင် ဖြစ်ပါသည်။ ဖေါ်ပြရာပါ (၁၃၄၄)ခုနှစ်တွင် ဟင်္သာတ ငသိုင်းချေင်းတို့က ဆရာတော်များက စောဒနာမှုကြောင့် နိုင်ငံတော် သံဃမဟာနာယက အထံတော်သို့ အမှုတွဲများ ရောက်ရှိခဲ့ပြီး အဓမ္မဝါဒဖြစ်၍ ဖျက်သိမ်းခြင်း ခံကြရကြောင်းလည်း သိမြင်ကြရပါသည်။
သို့ရာတွင် ဂိုဏ်းခေါင်းဆောင်တို့က ဗဟိုဌာနချုပ်ကို ဖျက်သိမ်းပြီး အသီးသီး ခွဲဝေကာ နေရာယူလျက် ဆက်လက် အားထုတ်ခဲ့ကြောင်းတို့ကိုလည်း တွေ့မြင်ကြရပါသည်။ ယင်းသို့အားထုတ်နေခဲ့ကြောင့် ယခုအခါတွင် အကြီးအကျယ် စည်ကား တိုးတက်ကာ ပြန့်ပွါးလာခြင်းဖြစ်ကြောင်းတို့ကိုလည်း တွေ့မြင်ကြရပြီ ဖြစ်ပါသည်။ ယခုတစ်ဖန် ပြန်လည်၍ အထူး စည်းကားတိုးတက်လာခြင်းသည် (၁၉၉ဝ)ခုနှစ်မှ အကြီးအကျယ် စတင်လာကြောင်းတို့ကိုလည်း သြစတြေးလျား တရားခွေပါ အချက်အလက်များက သက်သေခံလျက် ရှိနေကြပါသည်။
''ဒဿနသမ္ပဒါတရားတော်(၈)ချပ်တွဲတွင် ''ထေရဝါဒနည်းစနစ်ကလေးကို ကျွန်ုပ်ရတယ်။ အဲဒါကို ဘယ်သူ့ကိုဟောရမလဲဆိုတဲ့အချိန်မှာ အရေးအခင်းက စဖြစ်လာတယ်။ (၁၉၉ဝ)ခုနှစ်မှာ စဖြစ်လာတော့ ကျောင်းသားတွေက ဒုတိယနှစ်သမားတွေ တတိယနှစ် သမားတွေ။ သူတို့က ဘယ်သွားရမှန်း မသိကြတော့ဘူး။ နိုင်ငံရေးသမားပေါက်စကလေးတွေပေါ့။ သူတို့ကို လက်ခံပြီး ဝိုင်းဖွဲ့ပြီး ဓမ္မသင်တန်းတွေ ပေးခဲ့တာက စဟောဖြစ်တယ်။
ဒီကျောင်းသားတွေအားလုံး ဦးကောသလ္လရဲ့ တပည့်တွေ ဖြစ်သွားကြတော့မှ တရားတွေကို ဟောဖို့ပွင့်သွားတယ်။ ကျေးဇူးရှိကြတယ်။ သူတို့က ထေရဝါဒ သင်တန်းတွေကို တက်နေကြတယ်။ တောခိုစရာလဲ မလိုတော့ဘူး။ ဘယ်မှသွားစရာ မလိုတော့ဘူး။ သက်ဆိုင်ရာတွေက လာမေးကြတော့ ဒီမှာ ထေရဝါဒဝိပဿနာတရားသင်တန်း ပို့ချပေးနေတာလို့ပဲ ပြောပြပေးရတယ်''ဟူ၍
ဟောပြောထားချက်များ အထင်အရှား ရှိနေကြပါသည်။
အထက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍
၁။ ၁၃၄၄-ခုနှစ်က နိုင်ငံတော်သံဃမဟာနာယကညွှန်ကြားလွှာ (၅ဝ)တို့ကို ပြန်လည်၍ ဖေါ်ပြရန် လိုအပ်သည်ဟုလည်း ထင်မြင်မိကြပါသည်။ ထို့ကြောင့် ညွှန်ကြားလွှာများ စာအုပ်အတွင်း စာမျက်နှာ (၁၉၆-၁၉၉)ပါ ညွှန်ကြားချက် များကို ပြန်လည်၍ အပြည့်အစုံ တင်ပြလျက် အသိပေးလိုပါသည်။

Labels: ၀ိဘဇ္ဇ၀ါဒီ
Wednesday, September 9, 2009
ဥပါဒါန်ကြောင့်လား ဥပါဒါနက္ခန္ဓာကြောင့်လား အခန်း (၁၀)
အခန်း (၁၀)
ဥပါဒါန်ကြောင့်လား ဥပါဒါနက္ခန္ဓာကြောင့်လား
သြော် သာသနာတော်အတွင်း ထေရ၀ါဒ ဆိုင်းဘုတ်အောက်မှာတော့ ဘုရားအသစ်တစ်ဆူ ပွင့်တော်မူနေပါပေါ့

Labels: ဦးကောဝိဒ(ယော) ရှင်းတမ်း
သာသနာကိုတစ်ဖက်တစ်လမ်းမှစောင့်ရှောက်နေသည့်ဝေဖန်ရေးစာအုပ်များ
တရားပိုင်ရှင်ဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ တရားတော်များအားရှိခိုးပါ၏။ သံဃာတော်များအား ရှိခိုးပါ၏။
"ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏အပြစ်ကို ဖြစ်စေ၊ တရား၏အဖြစ်ကို ဖြစ်စေ၊သံဃာ၏အပြစ်ကို ဖြစ်စေ ပြောကြလျှင် ထို(ပြောကြရာ၌) သင့်တို့သည် ရန်ငြိုးထားခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေနပ်ခြင်း မဖြစ်စေသင့်။"
"ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏အပြစ်ကိုဖြစ်စေ၊ တရား၏အပြစ်ကို ဖြစ်စေ၊ သံဃာ၏အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏။"
"ရဟန်တို့သူတစ်ပါးတို့သည် ငါ၏အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ၊ သံဃာ၏အပြစ်ကိုဖြစ်စေ ပြောကြရာ၌ သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင် သင်တို့သည် သူတစ်ပါးတို့၏ စကားကောင်း စကားဆိုးကို သိနိုင်ပါမည်လော။"
"မသိနိုင်ကြပါ အရှင်ဘုရား။"
"ရဟန်းတို့၊ သူတစ်ပါးတို့သည် ငါ၏အပြစ်ကိုဖြစ်စေ တရား၏အပြစ်ကို ဖြစ်စေ သံဃာ၏အပြစ်ကိုဖြစ်စေ ပြောကြရာ၌ ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်။ ဤအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ဖြေရှင်းရမည်။"
(ဒီ။ မြန်၊၁၊၁၁) ဒီဃနိကာယ် ဗြဟ္မဇာလသုတ်
သာသနာကိုတစ်ဖက်တစ်လမ်းမှစောင့်ရှောက်နေသည့်ဝေဖန်ရေးစာအုပ်များ
ဗုဒ္ဓ၏ဗုဒ္ဓ၀ါဒ အရှင်ကောဝိဒ(ယော) [ဦးအေးမောင်၏ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒကျမ်းဝေဖန်ချက်]
ပစ္စုပ္ပန်ကမ္မ၀ါဒကို စာပေတင်၍စစ်ဆေးချက်
ဓမ္မစေတီဂိုဏ်းနှင့်နောက်ခံသမိုင်း
ဓမ္မစေတီရှင်းတမ်းစာတမ်းလွှာ
လူသေလူဖြစ်ဝိနိစ္ဆယ
သာသနာအရှည်တည်တံ့ရေးအတွက် ကြောင့်ကြစိုက်၍ မိမိစွမ်းသည့်ဘက်က အမှားအမှန်များကို ဝေဖန်ချီးမြှင့်ရေးသားခဲ့ကြ ရေးသားနေဆဲဖြစ်ကြသည့် ရဟန်းပုဂ္ဂိုလ် လူပုဂ္ဂိုလ်များအား ကျေးဇူးတင်စွာဖြင့် ဦးတင်ကန်တော့ပါသည်။
ဗုဒ္ဓမြတ်စွာသာသနာကို တတ်နိုင်သမျှ စောင့်ရှောက်ခွင့်ရသဖြင့် မိမိ၏စိတ်ကို ကောင်းစွာစောင့်ရှောက်နိုင်ပြီး အလိုရှိအပ်သော နိဗ္ဗာန်ချမ်းသာသို့ လျင်မြန်စွာ ရောက်ရပါလို၏။

Labels: ကြော်ညာ
ဖတ်မိသမျှ စာများ (၂)
ဒီတခါ ဖတ်မိသမျှစာထဲမှာ (ဓမ္မရံသီမဂ္ဂဇင်းမှာ) အရေးကြီးတဲ့ ဆောင်းပါးတစ်ပုဒ်ပါလာပါတယ်။ စာရေးဆရာ သတ္တိဇော် ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ခေါင်းစဉ်က “ပစ္စုပ္ပန် ကမ္မ၀ါဒ” ဆိုလို့ စိတ်ဝင်စားသွားတယ်၊ ယခုတလော ဒီအကြောင်းတော်တော်များ ကြားရတယ်၊ သူများရောယောင် ကိုယ်ရောယောင်ဆိုတာလို မဖြစ်ရလေအောင် စာဖတ်သူများအားလုံး အတွက် အမှားအမှန် ခွဲခြားဝေဖန်တတ်ရန် တဆင့် ပြန်လည်တင်ပြပေးလိုက်ပါတယ်။
ပစ္စုပ္ပန်ကမ္မ၀ါဒ
စာရေးသူနေထိုင်ရာ ပြည်မြို့ အိမ်သို့ ဦးပဉ္စင်းနှစ်ပါး ကြွလာသည်။ တစ်ပါးက မြို့ခံဖြစ်သည်၊ တစ်ပါးမှာ ရေနီမှ ကြွလာသည်ဟု သိရပါသည်။ ရေနီတွင်နေသော စာရေးသူ၏ တက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်းကို အကြောင်းပြု၍ ကြွရောက်လာကြခြင်းဖြစ်ပါသည်။
ရေနီဦးပဉ္စင်းနှင့် စကားပြောရင်း တရားဘက်သို့ ရောက်သွားပါသည်။ ထိုဦးပဉ္စင်းထံမှ ထူဆန်းထွေလာ တရားစကားများကို ကြားသိ ရပါသည်။ စာရေးသူမှာ စိတ်နှလုံး မသက်မသာဖြင့် အောင့်ကာ နားထောင်လိုက်ရပါသည်။
ထိုဦးပဉ္စင်းမှာ ပြည်မြို့၌ နှစ်လခန့် သီတင်းသုံးမည်ဖြစ်ကြောင်း တရားဆွေးနွေးလိုပါက ကျောင်းသို့ လာနိုင်ကြောင်း မြို့ခံ ဦးပဉ္စင်းက ဖိတ်ခေါ်ပြီး ပြန်ကြွ သွားကြပါသည်။ ရေနီမှာ သူငယ်ချင်းက စာတစ်စောင်ပါပေးလိုက်သဖြင့် ဦးပဉ္စင်းများ ပြန်ကြွသွားမှ ဖွင့်ဖတ် ဖြစ်ပါသည်။ လွန်ခဲ့သော ၂၃ နှစ်က ကွဲကွာသွားသော သူငယ်ချင်းဖြစ်သည်။ စာရေးသူသည် မသိရသေးသော သူ၏မိသားစု အကြောင်း စီးပွား ရေးအကြောင်း၊ များအပြင် ဘာသာရေးအကြောင်းကိုလည်း ထည့်သွင်း ရေးထားသည်။
သူသည် အခုမှဘာသာရေးကို ထဲထဲဝင်ဝင်သိကြောင်း၊ မိတ်ဆွေများနှင့် ညနေတိုင်းညတိုင်း တရားဆွေးနွေးကြကြောင်း ရေးထား၍ စာရေးသူ ၀မ်းသာမိပါသည်။ ရေနီကို လာလည်ဖို့လည်း လိပ်စာ ပေးထားပါသည်။ စာရေးသူသည် မတွေ့ရတာကြာပြီဖြစ်သော သူငယ်ချင်းနှင့် တွေ့ရန် နောက်တစ်နေ့တွင် ပြည်မှ ရန်ကုန်၊ ရန်ကုန်မှ ရေနီသို့ ရထားဖြင့် အရောက်သွားခဲ့ပါသည်။
စာရေးသူသည် သူငယ်ချင်းအိမ်သို့ ရောက်၍ အမောအပန်းဖြေပြီးသည်နှင့် သူငယ်ချင်းက အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် တရားစတင်ဟော ကြားပါတော့သည်။ ပါဠိပါဌ်သား အကိုးအကားဖြင့် ဟောပါသည်။ စာရေးသူသည် သူငယ်ချင်းကို ကြည့်၍ အထင်ကြီးမိသည်။
“ အဘိဓမ္မာတရားတော်ဟာ ဘုရားဟောမဟုတ်၊ အဋ္ဌကထာဆရာတို့၏လက်ရာ၊ ပထမသင်္ဂါယနာတင်စဉ်က အဘိဓမ္မာမပါ” စသည်ဖြင့် ဟောပြောလိုက်ပါသည့်အခါတွင်ကား စာရေးသူ ကျောစိမ့်ရပါပြီ။ အဘိဓမ္မာပိဋကကို အဘယ့်ကြောင့် ပစ်ပယ်လိုကြသနည်း။ နတ် ပြည်တွင်ဟောသော တရားဖြစ်၍လား…… ပဋိသန္ဓေစိတ်၊စုတိစိတ်တို့ ပါသော တရားဖြစ်၍လား…။
အတန်ကြာ ဟောပြော၍ စကားလိပ်ပတ်လည်မှ သူတို့ကိုးကွယ်သော ဘာသာမှာ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဖြစ်ကြောင်း၊ သူတို့ ဆရတော်မှာ အသက် (၈၀)ကျော်ပြီဖြစ်၍ သင်္ကန်းအပြာရောင်ဝတ်ကြောင်း၊ စာရေူးအိမ်သို့ ကြွလာသော ရေနီဦးပဉ္စင်းမှာလည်း သင်္ကန်းအပြာ ရောင် ၀တ်လိုသူဖြစ်ကြောင်း၊ ဆရာတော်က ခွင့်မပြု၍ မ၀တ်ရကြောင်း၊ ပြည်မြို့သို့ သာသနာပြုရန် ကြွလာကြောင်းစသည့် သူတို့ဝါဒ၏ အတွင်းသရုပ်ကို အလုံးစုံ သိရပါတော့သည်။ အဘိဓမ္မာပိဋကကို အဘယ့်ကြောင့် ပစ်ပယ်ရသည်ကို စာရေးသူ ရိပ်စားမိပါပြီ။
သူတို့ဝါဒက ပစ္စုပ္ပန်တစ်ဘ၀ကိုသာ ကြည့်၏။ အတိတ်ဘ၀၊ အနာဂတ်ဘ၀ရှိသည်ဟု မယုံကြည်။ အတိတ်ဘ၀၊ အနာဂတ်ဘ၀ ရှိသည်ဟု ဆိုသူများကို ပါဠိပါဌ်သား အထောက်အထားများ လိုရာဆွဲယူ ရွတ်ဆိုပြ၍ ဒိဋ္ဌိဟု စွပ်စွဲသည်။ လူဝင်းစားဆိုသည်များ မဟုတ်နိုင်ဟု အချက်ကျကျ ဇွတ်အတင်း ပြောသည်။ ပစ္စုပ္ပန်တစ်ဘ၀တည်းတွင် အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ်ဟု ကာလသုံးပါးခွဲ၍ ပဋိစ္စသမုပ္ပါဒ်ကို လှည့်ပြ သည်။
အနိစ္စဆိုတိုင်း မကောင်းသည် မဟုတ်။ အနိစ္စကြောင့် လောကကြီး တိုးတက်သည်။ အနိစ္စသာမရှိလျှင် မင်းလည်း ကလေးဘ၀က တက်မည်မဟုတ်။ သရက်စေ့လည်း စားကောင်းသော သရက်သီး ဖြစ်လာမည်မဟုတ်ဟု ယုတ္တိဗေဒနည်းဖြင့် မျက်စိလည်သွားအောင်ကို အနိစ္စ ချီးမွန်းခန်းဖွင့်သည်။
လက်ရှိ ခန္ဓာကိုယ်ကို ဒုက္ခဟုထင်နေလျှင် နိုက်ထရစ်အက်ဆစ် တစ်ရာရာခိုင်နှုန်း အပြည့်ထည့်ထားသော ကန်ကြီးထဲသို့ ခုန်သာချ ပေရော့ဟု ငေါ့တော့တော့ ပြောသည်။ အရှိခန္ဓာကို ဒုက္ခဟု ဟောတာမဟုတ်၊ အစွဲခန္ဓာကို ဒုက္ခဟု ဟောတာ။ “ပဉ္စုပါ ဒါနက္ခန္ဓာပိ ဒုက္ခာ” ပါဠိ များ ရွတ်လိုက်သေးသည်။
ကာမေသုမိစ္ဆာစာရကို အနက်ဖွင့်ရာ၌မူ လက်ဖျားခါယူရသည်။ “ ကာမေသုမိစ္ဆာစာရ” ဆိုတာသူတစ်ပါး သားမယားကို ပြစ်မှားတာ ချည်းမဟုတ်ဘူး။ ကာမေသုဆိုတာ ကာမဂုဏ်အာရုံတို့၌၊ မိစ္ဆာစာရ - လွဲမှားစွာကျင့်တာပဲ။ တို့ကတော့ သူတစ်ပါးသားမယား ပြစ်မှားဖို့ နေနေသာသာ မီးရထားပေါ်မှာ ကိုယ့်ဘေးကခုံ နေရာလွတ်သွားရင်တောင် ခြေဆင်းမထိုင်ဘူး။ ခြေဆင်းထိုင်လိုက်ရင် ကာမေသုမိစ္ဆာစာရ ပဲ ဟူလေသည်။
၃၁ ဘုံရှိသည် ဆိုသည်ကို မယုံကြည်။ တိရစ္ဆာန်ဘုံကို မြင်နေရသားပဲ ဟု ဆင်ခြေတက်သူကို ၃၁ ဘုံမှာ ၂ဘုံပဲမြင်ရတာကို ရေးကြီး ခွင်ကျယ်ပြောနေ၊ ၂၉ဘုံက ပျောက်နေပါပေါ့လားဟု ပညာရှင်လေသံမျိုးဖြင့် ပြောသည်။ ဇာတ်ကြီး ဆယ်ဘွဲ့တို့ ၊ငါးရာငါးဆယ်နိပါတ်တော်တို့ ကို လူအများ စိတ်ဝင်စားအောင် ပြောပြသည့် ပုံပြင်တွေ ဟု ဆိုသည်။
လူအတွက် အကျိုးရှိမည်ဆိုပါက တိရစ္ဆာန်တွေကို သတ်သင့်က သတ်ရမည်။အပြစ်မရှိ။ အကျိုးမရှိဘဲနှင့်တော့ မသတ်နှင့် လူသတ်လျှင်တော့ အပြစ်ရှိသည်ဟု ဆိုသည်။
ရဟန်းတော်များပင် လူသတ်မှ ပါရာဇိက အပြစ်ကြီးကြီးသင့်သည်။ တိရစ္ဆာန်ကို သတ်လျှင် ပါစိတ် ဆိုသည့် အာပတ် သေးသေး ကလေးသာ သင့်သည်။ လူတွေ တိရစ္ဆာန်ကို သတ်မှုကျမှ အပြစ်ကြီး မဖြစ်နိုင်။ အပြစ်ဖြစ်သည်ဟုဆိုလျှင် ဆရာဝန်ပေးသည့် ပဋိဇီဝဆေး (antibiotic)ကိုပင် မသောက်နှင့်၊ အသက်ရှိသည့် ဗက်တီးရီးယားတွေ သေကုန်မည်ဟု ဆိုသည်။
သူငယ်ချင်းအိမ်သို့ လာလည်သော သူ့မိတ်ဆွေ အများစုမှာ အသားတိုးကြက် မွေးမြူသူများ ဖြစ်ပါသည်။ သူငယ်ချင်းက စာရေးသူ အကြောင်း ပြောသည့်အခါ “ ဒီကောင်က ကြက်မွေးတာကို အကုသိုလ်လို့ ထင်နေတာ” ဟု မှတ်ချက်ပေး ပြောပါသေးသည်။ စာရေးသူမှာ ၀ိုင်း အရိုက်မခံရသည်ကိုပင် ကျေးဇူးတင်ရပါသေးသည်။ လူကိုရိုက်လျှင် အပြစ်ရှိသည်ဟု ယူဆ၍ ဖြစ်ပါလိမ့်မည်။
တန်ခိုးမကြီးသည့် ရဟန်းတော်များမှာ သွားလေရာသို့ ကပ္ပိယကို စရိတ်အကုန်ခံ၍ မခေါ်နိုင်။ ထို့ကြောင့် ရဟန်းတော်များကို ငွေကိုင်ခွင့်ပြုသင့်သည်။ အများဆုံးကိုင်ရမည့် ငွေပမာဏကို သတ်မှတ်ပေးသင့်သည်။ (ဥပမာ။ ။ငွေတစ်သောင်းကျပ်ထက် မများစေရ) ဟု ဆိုပါသည်။
အနှစ်ချူပ်ကြည့်သော် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာသည် မျက်မြင်ဒိဋ္ဌကို အားပြု၍ လူပြိန်းများ လက်ခံသဘောကျအောင် ခေတ်နှင့် အညီ ပြုပြင်ပြောင်းလဲထားသော (modified) ၀ါဒများဖြစ်ကြောင်း ထင်ရှားပါသည်။
သူငယ်ချင်းမှာ စီးပွားရေး ပြေလည်သူ ဖြစ်ပါသည်။ သူဆောက်ထားသော တိုက်တွင် ဘုရားကျောင်းဆောင် လုံးဝမထည့်။ နံရံကပ်ရုပ်ပုံတော်များ၊ ရုပ်ပွားတော်များလည်း လုံးဝမထား။
“ဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကျော်ကတဲက ဘ၀ဆုံးသွားပြီကွ။ မင်းဆွမ်းတော်ကပ်လဲ မသိတော့ဘူး။ ဘာမှ အကျိုးမရှိ တော့ပါဘူး” ဟု ဆိုပါသည်။
သင်္ကန်းအပြာရောင်ဝတ်သော သူတို့ ဆရာတော်ကြီး၏ ဧရာမဓါတ်ပုံကြီးကိုကား သက်ရှိ ထင်ရှားမို့လို့လားမသိ ၊ ခေါင်းရင်းဖက်တွင် တလေးတစား ချိတ်ဆွဲထားသည်။ ဓါတ်ပုံ၏ အောက်ခြေတွင် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ ဆရာတော်ကြီးပုံ ဟု ကမ္ပည်း ရေးထိုးထားပါသည်။ “ဒါကတော့ respect ပေးတာပေါ့ကွ”ဟု မြန်မာစကားထဲတွင် အင်္ဂလိပ်စကားညှပ်၍ ပြောပါသည်။
သူငယ်ချင်း၏ အိမ်အပေါ်ထပ်တွင် အနတ္တလက္ခဏာသုတ် စသော တရားကက်ဆက်ခွေများကိုလည်း တွေ့ရပါသည်။ ထိုဆရာတော်ကြီး၏ ဟောတရားများဟု သိရပါသည်။ မည်ကဲ့သို့ ဟောထားသည်ကို မနာခဲ့ရပါ။ ထို့ပြင် ထိုပစ္စုပ္ပန်အဖွဲ့မှ ထုတ်ဝေထားသော စာပေစိစစ်ရေးမဲ့ တရားစာအုပ်များကိုလည်း အမြောက်အမြား တွေ့ခဲ့ရပါသည်။
သူတို့သည် အိမ်မှာ ဘုရားကျောင်းဆောင် မထားသော်လည်း ဘုရား ဟူသော စကားအခေါ်အဝေါ်ကိုတော့ မပစ်ပယ်ကြပါ။ သူတို့ ၀ါဒသည် ဘုရားဟောပါဠိနှင့်အညီ အစစ်အမှန်ဖြစ်သည်ဟု ဆိုပါသည်။ သူတို့ဝါဒနှင့် မကိုက်ညီသည်များကို အဋ္ဌကထာဆရာတို့၏ တီထွင်ချက်ဟူ၍ စွဲချက်တင် ပါသည်။
ထိုဝါဒကို သက်ဝင်ယုံကြည်ကြသူများမှာ စာရေးသူ၏ သူငယ်ချင်းမျှသာ မဟုတ်ပါ။ သူ့ဇနီးနှင့်တကွ သူ့မိတ်ဆွေ လင်စုံ မယားဖက် အားလုံး သက်ဝင်ယုံကြည်နေကြသည်ကို အံ့သြစွာ တွေ့ရပါသည်။ ထိုအထဲတွင် ပညာတတ်ဘွဲ့ရ ကျောင်းဆရာမများ၊ ရုံးအရာရှိများ ပါဝင်ပါ သည်။
ကျောင်းဆရာမတစ်ယောက်က စာရေးသူကို ရိုးရာဗုဒ္ဓဘာသာကို ယုံကြည်သူဖြစ်သဖြင့် ကမ္ဘာပြားသမား ဟု တစ်ဖက်သတ် စွပ်စွဲ ပါသည်။ “ကျောင်းတွင် ကမ္ဘာသည် လုံး၍ အိမ်တွင် ကမ္ဘာသည် ပြားသည်ပေါ့ဟုတ်လား”ဟု လှောင်လွတ်လိုက်ပါသေးသည်။
သူတို့ကအများ စာရေးသူက တစ်ယောက်တည်းဖြစ်၍ သူတို့ ၀ိုင်းဝန်းတရာချသည်ကို နားပူအောင် ခံခဲ့ရပါသည်။
သူတို့ဘာသာဝင် ဖြစ်လိုလျှင် အနည်းဆုံး ငွေ (၂၀၀၀)ကျပ်ထည့်ဝင် လှူဒါန်း၍ ၀င်နိုင်သည်ဟု ဆိုပါသည်။ သူတို့ဝါဒရေးရာ စာပေး စာယူသင်တန်း ရှိသည်ဟုလည်း သိရပါသည်။ ရန်ကုန်နှင့်မန္တလေးတွင် တစ်နှစ်တစ်ကြိမ် သူတို့ဝါဒဆိုင်ရာ ကွန်ဖရင့်ကြီး ရှိသည်ဟုပင် ဆိုပါ သည်။
သူတို့ဝါဒကို အင်္ဂလိပ်ဘာသာပြန်၍ နိုင်ငံခြားသို့ပို့ရာ လက်ခံကြောင်း(စာကိုလက်ခံတာလား၊ ၀ါဒကို လက်ခံတာလား မကွဲပြားပါ၊ ပို့သည့်ဌာနကို ပြောပြရာ မမှတ်မိတော့ပါ)။ မြို့နယ်သံဃာမဟာနာယက အဖွဲဝင်ဆရာတော်တစ်ပါးကပင် လက်ခံကြောင်း၊ သူတို့ကို တာဝန်ခံ ကြောင်း ပြောပြကြပါသည်။
နိုင်ငံကျော် စာရေးဆရာကြီးတစ်ဦး၏ ဟိန္ဒီဘာသာပြန်တွင် မာရ်နတ်ဆိုတာ မရှိ။ မကောင်းသောစိတ်ကိုပင် မာရ်နတ်ဟု တင်စား ပြောသည် စသည်ဖြင့်ပါရာ ထိုစာရေးဆရာကြီးကို မဆိုးဟု သဘောကျနေကြသည်။
သူငယ်ချင်းက ပြည်သို့ သာသနာပြုရောက်နေသည်ဆိုသော ရေနီဦးပဉ္စင်းထံ သွားရောက်ဆည်းကပ်ရန်လည်း မှာကြားလိုက်ပါသေး သည်။ စာရေးသူမှာ အဘိဓမ္မာ မတောက်တခေါက် တတ်သူဖြစ်၍ ရေနီဦးပဉ္စင်းက အဘိဓမ္မာနှင့်ယှဉ်ပြီး ဟောပြောချေချွတ်ပေးလိမ့်မည် ဟူသ တတ်။
ဤသို့ စာရေးသူ ကြုံတွေ့ခဲ့ရပုံများကို တင်ပြရသည်မှာ ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာမှာ အန္တရာယ် မသေးလှကြောင်း စာရှုသူတို့ ဆင်ခြင်မိစေရန် ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ တရားစစ်တရားမှန် ပြန့်ပွားရေးကို ရှေးရှုသော ဗုဒ္ဓ၀ါဒအစစ်အမှန် ကိုးကွယ်သောနိုင်ငံတွင် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာဟူ၍ အကာတူ အနှစ်ကွဲဝါဒတစ်ခုသည် ရဟန်းတော်များနှင့် ပညာတတ်ဘွဲ့ရများအထိ စနစ်တကျ ပြန့်ပွား လာပြီ ဖြစ်ပါသဖြင့် အချိန်မီ ကာကွယ်တားဆီးနိုင်ကြပါစေ…………..
သတ္တိဇော်
စာရေးသူ- venkawwida | ရက်စွဲ- Wednesday, September 09, 2009 ပစ္စုပ္ပန်ကမ္မ၀ါဒ

အဓမ္မဝါဒီအားလုံးကို ဆွဲစု သိမ်းယူထားနိုင်သူ
ဓမ္မစေတီဂိုဏ်း
(စောဒနာလွှာတို့ဖြစ်ပေါ်လာခြင်းအကြောင်းရင်းများ)
အသိပေးချက်အမှတ်စဉ်(၁)
ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာအမည်ခံ ဘာသာရေးဂိုဏ်းကြီးသည် ''မြန်မာနိုင်ငံတော် တွင် ပေါ်ပေါက်ခဲ့သမျှကုန်သော အဓမ္မဝါဒအားလုံးတို့နှင့် တစ်စိတ်တစ်ပိုင်း အားဖြင့် အတူပြု- ယူထားသည်ဖြစ်၍ အဓမ္မဝါဒီအားလုံးကို ဆွဲစု-သိမ်းယူထားနိုင် ရာ မဟာအင်အားစုကြီး ဖြစ်သည်။
''ပညာရှင်အင်အား ဘာသာဝင်အင်အား ငွေကြေးအင်အား ပုံနှိပ်ထုတ်ဝေရေး ဖြန့်ချိ အင်အား အကြီးမားဆုံး အခိုင်မာဆုံး အဓမ္မဝါဒီဂိုဏ်းကြီးလည်း ဖြစ်သည်။
''သက်တမ်းအရှည်ကြာဆုံး အပြန့်နှံ့ဆုံးဖြစ်၍ အကျယ်ပြန့်ဆုံး အဓမ္မဝါဒီ ဂိုဏ်းကြီးလည်း ဖြစ်သည်''။
ထို့ကြောင့် ထေရဝါဒ ဗုဒ္ဓ ဘာသာသာသနာတော်မြတ်ကြီးအား အတိုက်စားဆုံး အစော် ကားဆုံး အဖျက်ဆီးဆုံး အန္တရာယ်ကြီး ဖြစ်သည်။ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာအမည်ခံ- သာသနပစ္စတ္ထိကဂိုဏ်းကြီး ပြန်လည်ကြီးထွားလာသလို အခြားဂိုဏ်းကြီးများလည်း မူလ အသွင်ဖြင့် လည်းကောင်း အသွင်းပြောင်းလဲ၍သော် လည်းကောင်း ကြီးထွားလာနေ ကြပါသည် -
(က)
တောင်တွင်းကြီး ရှင်ဥက္ကဋ္ဌ ဦးဆောင်ခဲ့သည့် လူသေလူဖြစ် အဓမ္မဝါဒကြီး ပြန်လည် ကြီးထွားနေပုံ။
(ခ)
ဆူးလေဦးမြင့်သိန်း ဦးဆောင်ခဲ့သည့် ထေရဝါဒအမည်ခံ အဓမ္မဝါဒကြီး ပြန်လည်ကြီးထွား နေပုံ ထိုဂိုဏ်းကြီး၏ ပြန်လည် ကြီးထွားလာပုံများကား ကြောက်ခမန်းလိလိပင် ဖြစ်နေကြပါသည်။ မိတ္တူများက တစ်မျိုးဖြစ်၍ အသွင် ပြောင်းထားသည်တို့ကလည်း တစ်မျိုးလုပ်ထားကြပါသည်။ နေပြည်တော်တွင် တောင်ပိုင်းရော မြောက်ပိုင်းပါ မိတ္တူဈေးကွက် ဖြန့်ကျက်ထားကြပါသည်။
၂ဝဝ၇-ခုနှစ်တွင် နေပြည်တော်သို့ ရောက်ရှိခိုက် ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါသည်။
''အရိယသစ္စာလမ်းစဉ် ဝိပဿနာတရားမှတ်ချက် ပေါင်းချုပ်ကျမ်းကြီး = ၄ဝဝဝိ'' မှစ၍ ယင်းဂိုဏ်းထုတ် မိတ္တူစာအုပ်များကို ဝယ်လိုလျှင် စာရင်းပေးကြရကြောင်း လေ့လာ သိရှိခဲ့ရပါသည်။ ဟောပြော စည်းရုံးသူများလည်းရှိ၍ စာရင်းပေးရန် လွယ်ကူသော အဆက်အသွယ် ရှိကြောင်းလည်း သိခဲ့ရပါသည်။ ယင်းဂိုဏ်းဝင်ဖြစ် အမရပူရ မြို့ဆရာကြိုင် ရေးသည့် ''ဒွယနိဿိတိတပကာသနီကီကျမ်း''တို့ ကိုပင် မိတ္တူများ ရနိုင် ပါသည်။
''ထေရဝါဒသမ္မာပထ ဝိဘဇ္ဇဝါဒီဖြစ်သော ရန်ကုန်မြို့ဆူးလေဓမ္မကထိက ဆရာကြီး ဦးမြင့်သိန်း ဟောကြားတော်မူအပ်သော သမ္မာ ပထဝီဘဇ္ဇ အကြောင်းသတ် ထေရဝါဒ တရားတော်များ-
အမှတ်စဉ်(၁) နိဗ္ဗ္ဗာန်နှင့်သံသရာစာအုပ်မျိုး၊
အမှတ်စဉ်(၂) ဂဟဏူပါဒါန် ဝါဒ ပဋိစ္စသမုပ္ပါဒ် သံသရာတရားတော်စာအုပ်မျိုး၊ ရွှေလရောင်ဓမ္မာစရိယ သင့်ဘဝ ဦးမြင့်သိန်းရေးသားသည့် သောတာပန် အလင်းကျမ်း (ဒုတိယဆင့်) ပထမတွဲနှင့် ဒုတိယတွဲစာအုပ်မျိုး စသည် တို့ကိုလည်း မိတ္တူများရနိုင်ကြ ပါသည်။
၎င်းဂိုဏ်းကြီး၏ ဂိုဏ်းဦးစီးဆရာတော်တစ်ပါးဖြစ်သူ မန္တလေးမြို့ ခင်မကန်တိုက် အနန္တဂုဏ်ရည် စည်သာကျောင်း ဦးနာရဒ ရေးသားသည့် ထေရဝါဒ ဝိဘဇ္ဇဝါဒ ဝိပဿနာကျမ်းကြီးကို (၂ဝဝ၄) ခုနှစ်တွင် ထုတ်ဝေထားကြပါသည်။ ယင်းကျမ်း၏ အမှားများကို ပြဆိုလျက် ဆောင်းပါးရှင် အရှင်ဣန္ဒာစရိယာဘိဝံသက ဆောင်းပါး (၁၆)ပုဒ်တို့ကို ရေးသားတင်ပြခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မည်သူကမျှ ဖေါ်ပြရန် မစီစဉ်နိုင်ကြပေ။ ယခု အခါတွင် ဓမ္မရံသီ မဂ္ဂဇင်းအယ်ဒီတာအဖွဲ့မှ ဖေါ်ပြရန် စီစဉ်ထားပြီးဖြစ်ပါသည်။ လာပေတော့မည်။
(၂ဝဝ၈)ခုနှစ် သင်္ကန်းကျွန်းမှာနေသော ၎င်းဂိုဏ်းဝင်တစ်ပါး ရေးသားသည့် ဗျသနတရား ငါးပါး အမည်ရှိ စာအုပ် တစ်အုပ်ကိုလည်း ဂိုဏ်းဝင်အလှူရှင်များက အရုဏ်ဆွမ်းလောင်း အသင်းနှင့် တွဲ၍ လောင်းလှူကြကြောင်း သိရ- ဖတ်ရပါသည်။
ဦးနာရဒနှင့်အတူ ဂိုဏ်းဦးဆောင်တပည့်ကြီးလေးပါးတို့ကို ဦးမြင့်သိန်းက သာသနာပြုရန် ချန်ထားခဲ့ကြောင်း သိရပါသည်။ ထိုလေးပါးတို့တွင် ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ ၏ ဆရာဖြစ်သူ ဦးဥက္ကံသဗုဒ္ဓိလည်း တစ်ပါးပင် ဖြစ်ကြောင်း သိရပါသည်။
၎င်းဆရာတော်က မွေးထုတ်လိုက်သူ ဦးကောသလ္လသည်လည်း ၎င်းဂိုဏ်းတရားတို့ကို ပင် ဟောပြောလျက် ရှိပါသည်။ တရားခွေ ပြန့်ပွါးစေရေးအတွက် လူများကို အဖွဲ့တွေဖွဲ့စေလျက် တရားစိတ်ဝင်စား၍ ချမ်းသာသူများကို စုံစမ်းချဉ်းကပ်ပြီး တရားခွေ တွေပေး၍ နာယူစေပြီးမှ ကြည်ညိုစေပြီးမှ တရားခွေ တစ်စုံ= ၄ဝဝဝဝိ/ စသည်ဖြင့် အဓမ္မဝါဒ ပြန့်ပွါးရေးအတွက် သာသနာပြုကြောင်းလည်း သိရပါသည်။
စင်စစ်အားဖြင့် ဆူးလေဦးမြင့်သိန်းသည် အဓမ္မဝါဒဆုံးဖြတ်ခံရသူဖြစ်၍သာလျှင် ဦးမြင့်သိန်း၏ ထေရဝါဒ အမည်ခံ အဓမ္မဝါဒဟူ၍ မှတ်တမ်းတင်ရခြင်းသာ ဖြစ်ပါသည်။ အမှန်ကမူ ဂိုဏ်းဦးစီးခေါင်းဆောင်မှာ ဓမ္မစေတီ ဆရာတော်ကြီး (ဒီပဲယင်း ကျောက်စာတိုင် ဆရာတော်ကြီး)ဟူ၍ ရှိပါသေးသည်။ သိလိုပါက''အရိယသစ္စာလမ်းစဉ် ဝိပဿနာမှတ်ချက် ပေါင်းချုပ်ကျမ်းကြီး၏ ပန်ကြားလွှာ'' တွင် လေ့လာကြည့်ကြပါကုန်။
ယင်းဆရာတော်ကြီးကို အကြောင်းပြု၍ ''ဓမ္မစေတီ ဦးကောသလ္လ''ဟု ဘွဲ့ခံထားကြောင်း လည်း သိရှိရပါသည်။ ၎င်းဂိုဏ်းကြီး၏ မူလနာမည် အပြည့်အစုံမှာ ''ထေရဝါဒ ဝိဘဇ္ဇဝါဒ သမ္မပထအကြောင်းသတ် ဝိပဿနာဂိုဏ်း'' ဟူ၍ ဖြစ်ပါသည်။ ယင်းကိုပြုပြင်လျက် အသွင်သစ်ဖြင့် နာမည်တပ်သောအခါတွင်ကား ''ထေရဝါဒ ဒဿနသမ္ပဒါနည်း= ဝိဘဇ္ဇဝါဒ စတုသစ္စသမ္မာ ဒဿနနည်း'' ဟူ၍ ဖြစ်လာကြောင်းလည်း သိရပါသည်။
အဓမ္မဝါဒဖြစ်ကြောင်း ကြေညာတားမြစ်ထားပြီးသည့် မိစ္ဆာဝါဒကြီးများတွင် ဆူးလေ ဦးမြင့်သိန်းဂိုဏ်းဆိုရာ အဓမ္မဝါဒသည် အမှတ်(၆)အဖြစ် ပါဝင်၍ ပြည့်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ညွှန်ကြားလွှာများ ညွှန်ကြားလွှာ အမှတ် (၁) မှ (၉၃) ထိ စာအုပ်ထဲတွင် ညွှန်ကြားလွှာအမှတ် (၅ဝ)အဖြစ် ပါဝင်ပါသည်။
၎င်းအဓမ္မဝါဒဂိုဏ်းကြီးနှင့် အဓမ္မဝါဒတရားများ မည်မျှလောက်အထိ ပြန်လည်ကြီးထွား လာကြောင်းမှာ အထူး တင်ပြဖွယ် မရှိပြီ။
အထက်ပါတို့တွင် ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်းပြန့်ပွါးရေးကို ဦးထိပ်ထားလျက် ရေးသားခြင်းဖြစ်ပါ၍ တိကျပြတ်သားထင်ရှားစိမ့်သောငှါ ကာယကံရှင်တို့၏ အမည်များ ကိုပါ ထည့်သွင်းဖေါ်ပြလိုက်ရပါသည်။
သို့အတွက်-- ကာယကံရှင်တို့မှာ ''မိမိတို့ဟောပြောရေးသား တရားအမည်ခံများ၏ အဓမ္မဝါဒ မဖြစ်ပုံ (ဝါ) ဓမ္မဝါဒဖြစ်ပုံတို့နှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းချက်များကို -
ထေရဝါဒဗုဒ္ဓဘာသာ သာသနာရေးဗဟိုဌာန
(ကမ္ဘာအေး+နေပြည်တော်) တို့ထံ တရားဝင်တင်ပြခွင့် ရှိကြပါသည်။
အထက်ပါတို့တွင် အဓိကပြုလိုသည့် ရည်ညွှန်းချက်မှာ---------
''ဖေါ်ပြရာပါ အဓမ္မဝါဒီများ၏ ပစ္စုပ္ပန် ကမ္မဝါဒီဂိုဏ်းအတွင်း ကျရောက် ပေါင်းစုသွားနိုင်စရာ ရှိပုံများသာ ဖြစ်ပါသည်''။
ဆက်လက်ဖေါ်ပြသွားပါမည်။
Posted by Mya&Mg at 1:56 PM

Subscribe to:
Posts (Atom)