Friday, September 4, 2009

သာသနာ့ဂယက်အတွက် အဖြေ

မန္တလေး ရောက်လာကြသူတွေ ထဲမှာ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာကို ဖေါ်ထုတ်ဖယ်ရှား ဖွဲ့ပြီး တရားစွဲမှာလို့လဲ သိနေကြတော့ နဲနဲနဲ့ များများ ဆိုသလို တုန်လှုပ်တာတော့ ဖြစ်ကြတာပေါ့။ အဲဒါကို ဓမ္မ၀ိဟာရီက ပြောရပါတယ်။ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဟာ ထေရ၀ါဒဗုဒ္ဓဘာသာမှ မဟုတ်တာပဲ။ ဘာသာဝါဒတစ်ခုက ဘာသာဝါဒတစ်ခုကို တရားစွဲလို့ ရစတမ်း မရှိကြောင်းပေါ့။ ဒကာ ဒကာမတို့တတွေဟာလဲ ထေရ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ် ယုံကြည်နေကြတော့သူမှ မဟုတ်တော့ဘဲ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာကို ကိုးကွယ် ယုံကြည်ကြသူ ဖြစ်လို့ မဟာယာနဗုဒ္ဓဘာသာရဲ့ အယူအဆကို ထေရ၀ါဒဗုဒ္ဓဘာသာက မကြိုက်ပေမယ့် တရားစွဲလို့ မရသလိုပါပဲလို့ ရှင်းပြရပါတယ်။
ထေရ၀ါဒဗုဒ္ဓဘာသာဟာ ပရမတ်ကို သစ္စာ ခံတဲ့ဗုဒ္ဓဘာသာဖြစ်တယ်။ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဟာ ကံကို သစ္စာခံတဲ့ဗုဒ္ဓဘာသာပဲ။ ဒီဗုဒ္ဓဘာသာနှစ်ရပ်ဟာ မိုးနဲ့မြေပမာ အလွန်ဝေးကွာတဲ့ ဘာသာ နှစ်ရပ်ဖြစ်တာ သိကြရမှာပါ။
ပရမတ်သစ္စာခံသူဟာ လူပျောက်ရာ ရောက်မှာပဲ။ ငါသူ ကျားမ ပုဂ္ဂိုလ်သတ္တ၀ါ ဘာမှမရတာ ဖြစ်မှာပဲ။ ကံကိုပြုသူမရှိတော့ ကံမရှိ ဖြစ်ပြီပေါ့။ ကံမရှိရင် ၀ိပါက်လဲမရှိ ဖြစ်ပြီး ဒုက္ခအရိယသစ္စာထိုက်တဲ့ ကံဝိပါက်တွေ မရှိဘဲ ဒုက္ခအရိယသစ္စာကို ဘယ်လို ပိုင်းခြားသိတာ ဖြစ်ပါတော့မလဲ။
ဒုက္ခအရိယသစ္စာဟာ အားလုံး ရုပ်နာမ်တွေလို့ အရယူမလား။ ဥတုအာဟာရကြောင့်ဖြစ်တဲ့ ရုပ်နာမ် တွေလဲ ဒုက္ခအရိယသစ္စာ အရလား။ အဲဒီလိုဖြစ်ရင် အဲဒီဒုက္ခအရိယသစ္စာ အရတွေက ဘယ်သမုဒယကြောင့် ဖြစ်ကြလို့လဲ။ မဂ္ဂ ဖလ နဲ့ နိရောဓတွေလဲ နာမ်တွေပဲ။ အဲဒါတွေလဲ ဒုက္ခအရိယ သစ္စာတွေလား။
ဒုက္ခအရိယသစ္စာဟာ လောကီရုပ်နာမ်တွေ ပြောတာလို့ လုပ်ဦးမလား။ ကာမ ရူပ အရူပ ကြိယာနဲ့ ဥတုဇ အာဟာရဇ ရုပ်တွေဟာ ဘယ်သမ္လုယကြောင့် ဖြစ်တဲ့တရားတွေလဲ။ ပရမတ်ကို သစ္စာခံရင် အရိယသစ္စာကို မြင်ခွင့်မရနိုင်ပါဘူး။ အရိယကို သစ္စာခံတာက လူကို အရိယာဖြစ်ဖို့ပေမယ့် ပရမတ် သစ္စာခံတဲ့အတွက် လူဟာ အပျောက်ခံရတော့ အရိယသစ္စာသိသူရဲ့ အစ အသိအမြင်ဖြစ်တဲ့ ကံကိုတောင် မသိမမြင်နိုင်တာပဲ။
ကံထမ်းလာတာ မမြင်ရဘူး၊ လှံထမ်းလာတာ မြင်ရတယ်ဆိုတဲ့စကားဟာ ပရမတ် သစ္စာခံသူထဲက လာတဲ့စကားပဲ။ ကံဆိုတာ ဘုရား ရဟန္တာ အရိယာများမှ မြင်နိုင်တယ်လို့ပဲ ဆိုရိုးလုပ်ထားကြတယ်။ အရိယာ ဆိုသူကလဲ အရိယ သစ္စာခံသူမဟုတ်တော့ အရိယာ မဖြစ်နိုင်တာကြောင့် ကံမမြင်တဲ့အဖြစ်ရောက်ပြီး ကံထမ်းလာတာ မမြင်ရဘူး ပြောတာပဲ။
ပရမတ် သစ္စာခံသူတွေဟာ ကံကို တကယ်မမြင်ကြတာပဲ။ အခုအဖြစ်တွေဟာ မမွေးမီက ကံတွေကြောင့်လို့ သိနေကြရတယ်။ အဲဒီအသိဟာ တကယ်သိတာလား၊ ပြောသံကြားသိတာလားဆိုတာ ထင်ရှားပါတယ်။ မမွေးခင်ကကံ ဘယ်လိုသိမှာလဲ။ မွေးပြီးမှသိတာတွေတောင် မေ့ပျောက်ကြတာပဲ။ တကယ်မသိဘဲ သိတယ်လုပ်တာဟာ သူများ စကားမှာဆုံးနေတဲ့ မဂ်ဖိုလ်မှ အချီးနှီးလူလို့ ဘုရားမိန့်ချက် ရှိတာပဲ။
ပရမတ်ကို သစ္စာခံသူဟာ ပရမတ်အသိ သင်ကြားတာပဲ ရမှာပါ။ ပရမတ်အသိ သင်ကြားပေးသူကိုပဲ ဆည်းကပ်မှီဝဲမှာပါ။ ပရမတ်အသိပဲ ဆင်ခြင် နှလုံးသွင်းမှာပါ။ ပရမတ်အသိနဲ့ ညီအောင်ပဲ ကိုယ့်ကိုယ်ကို ပုံလောင်း ကျင့်ဆောင်မှာပါ။ ဒီတော့ ပရမတ် ဖြစ်မှာပေါ့။ ဒါ့ကြောင့် ပရမတ္ထသံဃာဆိုတာ ပေါ်လာတာပဲ။ ဘုရားဟောထဲမှာ အဲဒီစကား မရှိပါဘူး။ အာရုံငါးပါးကို လက်ခံသိမ်းပိုက်တဲ့အလုပ် မလုပ်နိုင်တော့ သူ့မျက်စိ နား နှာ လျှာ ကိုယ် ချို့တဲ့သူပေါ့။ ချို့တဲ့လို့ မမြင်မကြားတာ မဟုတ်ပေမယ့် အဲဒီမြင်တာကြားတာတွေကို ဘယ်လို အသုံးချရမယ် မတွက်ချက်တတ်တဲ့အဖြစ်ဟာ ချို့တာပါပဲ။
အဲဒီသူဟာ လူ့လောကအတွက် ဘယ်လို အသုံးကျ အဖိုးတန်မှာလဲ။ အဲဒီလိုဖြစ်တာကိုက လောကုတ္တရာ လုပ်ပြန်မလားပဲ။ ဒီလိုဆိုရင် လောကုတ္တရာက လောကရဲ့ ၀န်ထုပ်ဝန်ပိုးကြီးလို မဖြစ်ဘူးလို့ ဘယ်လိုပြရမလဲ။
ပရမတ် သစ္စာခံတဲ့လုပ်ငန်းဟာ ဆရာများစွာမလိုတဲ့ လုပ်ငန်းပဲ။ ကာမအာရုံတွေနဲ့ ကိုယ့်စိတ်ကို လွဲချော်အောင်နေနိုင်ရင် ပရမတ်ရောက်တာပါပဲ။ ရှေးက နေခဲ့ကြတဲ့ပုံစံတွေလဲ အများကြီးရှိတာပဲ။ ဒါ့ကြောင့် ပရမတ်သစ္စာခံတဲ့ လုပ်ငန်းဟာ ခက်ခဲနက်နဲမှုမရှိတဲ့ လုပ်ငန်းပဲ။
အရိယကို သစ္စာခံတဲ့လုပ်ငန်းဖြစ်ဖို့ဟာ များစွာပဲ ခက်ခဲပါတယ်။ အရိယသစ္စာသိသူအဖြစ် ထင်ရှားတဲ့ သပ္ပုရိသဆိုတာကို အမှီမရရင် တစ်ဘ၀လုံး ထိုင်ငိုနေတောင် အရိယကို သစ္စာခံသူ မဖြစ်နိုင်တာပဲ။ အဲဒါ ရဦးတော့တောင်မှ အရိယတရားလို ထင်ရှားတဲ့ တရား မနာရရင် အရိယသစ္စာခံသူ မဖြစ်နိုင်ပါဘူး။ နာရ ဦးတော့တောင်မှ အရိယတရားကို မျက်ဝါးထင်ထင်မြင်တဲ့ သန္ဒိဋ္ဌိကအဖြစ်ရောက်အောင် ဆင်ခြင်နိုင်မှ အရိယသစ္စာ ခံသူဖြစ်ပါမယ်။ ဒါတောင်မှလဲ ကိုယ်မြင်တဲ့ အရိယတရား ကို အတုပြုလိုက်နာတာမျိုး မလုပ်ရင် အရိယသစ္စာ ခံသူ မဖြစ်ပါဘူး။
အရိယသစ္စာ သိသူအဖြစ်ထင်ရှားတဲ့ သပ္ပုရိသဆိုတာဗုဒ္ဓဘုရားနဲ့ကင်းလို့ မဖြစ်နိုင်သူပဲ။ ဒါ့ကြောင့် အရိယသစ္စာခံသူဟာ ကိုယ့်ဟာကိုယ်တို့ တခြားက ၀င်လာတာတို့ လုံးဝ ဖြစ်လို့မရတဲ့ သစ္စာခံသူဖြစ်လို့ ခက်ခဲပါတယ်။ နက်နဲမှု အပြည့်ရှိပါတယ်။
ပရမတ် သစ္စာခံသူဟာ လူဖျောက်လို့ လူ မရှိတာကြောင့် လူမှာဖြစ်တဲ့ကိလေသာတွေ မဖြစ်ကြတော့ပဲ ငြိမ်းရာရောက်ပြီး လူ့စာရိတ္တတွေ မြဲမယ်လို့ မှတ်ယူ ကြတယ်။ လူဟာ သမုတိသစ္စာပဲ။ သမုတိသစ္စာကိုဖျက်တဲ့ ပရမတ်ရှုလို့ သူတို့အသိထဲမှာ သမုတိသစ္စာပျက်တယ် ဆိုပေမယ့် ဒီလူက တင်းလင်းပဲ။ အသိထဲမရှိတာနဲ့ အရှိက တကယ်မရှိသွားတာမှ မဖြစ်တာပဲ။
လူမရှိဘူးလို့သိနေရတာကို သာယာတပ်စွန်းနေတာကိုယ်တိုင်က ၀ိဘ၀တဏှာကိလေသာ ဖြစ်နေတာကို ပရမတ်ကိုသစ္စာခံသူတွေအနေနဲ့ မသိကြဘူး။ ၀ိဘ၀တဏှာကိလေသာ ရှိသူဟာ တခြားတဏှာတွေဖြစ်တဲ့ ဘ၀တဏှာကိလေသာ၊ ကာမတဏှာကိလေသာတွေဖက် ပြောင်းတတ်တာဟာ ဓမ္မတာ သဘာဝပဲ။ အဲဒါတွေနဲ့ဆိုတော့ လူ့စာရိတ္တကို ဘယ်လို ခိုင်အောင် ကိုင်နိုင်ကြ မှာလဲပေါ့။
ပရမတ်ကိုသစ္စာခံသူတွေဟာ လူ့စာရိတ္တကို ကိုင်နိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ကြပေမယ့် စာရိတ္တကို မသိသူတွေပဲ။ ကိုယ်ပိုင်ဥာဏ်နဲ့မသိတော့ ကြားဖူးနားဝနဲ့ မှတ်ထားနေကြရတယ်။ ဒီစာရိတ္တပျက်ရင် နောင်ဘ၀ အဖြစ်ကောင်းတွေနဲ့လွဲပြီး အဖြစ်ဆိုးတွေထဲ သက်ဆင်းရလိမ့်မယ်လို့ပေါ့။
နောင်ဘ၀နဲ့ခြောက်ပြီး တည်ဆောက်ထားတဲ့ စာရိတ္တလောက်ပဲ ကြားဖူးနားဝနဲ့ သိနေကြတော့သူတွေပဲ။ ဒီတော့ဗုဒ္ဓဘုရား မိန့်ကြားခဲ့တဲ့ အဗျာကတ တရားတွေဖြစ်တဲ့ နောင်ဘ၀ဖြစ်တယ်ဆိုတာ ငါဘုရားမပြောဘူး ဆိုတာလဲ မကြားနိုင်ကြ၊ အလေးတမူ အရေးမယူနိုင်ကြ တော့ပဲ ဘုရားမပြောချင်နေ ဒို့ကတော့ ပြောမှာပဲ လုပ်ကြသူတွေပဲ။
ဘုရားက နောင်ဘ၀ ဖြစ်တယ်တို့ မဖြစ်ဘူးတို့ မပြောတာဟာ အရိယတရားနဲ့ မစပ်မဆိုင်လို့၊ အကျိုး စီးပွားနဲ့မစပ်မဆိုင်လို့ မပြောတာဖြစ်ပေမယ့် ပရမတ် သစ္စာခံသူဟာ တရားဖြစ်တဲ့ မဂ္ဂအရိယသစ္စာလဲမသိ တရားဖြစ်တဲ့ မဂ္ဂအရိယသစ္စာနဲ့ ရှုကြည့်မှုရဲ့အရှုခံ ဒုက္ခအရိယသစ္စာလဲ မသိ၊ ဒုက္ခအရိယသစ္စာသိလို့ ဒုက္ခအရိယသစ္စာဖြစ်တဲ့ ကံ ၀ိပါက်တွေကို လိုလားအာသာတွေ အကွာခံရတဲ့ သမ္လုယ အရိယသစ္စာလဲ မသိ၊ ဒီလိုဖြစ်လို့ ကံ ၀ိပါက်တွေ မဖြစ်တော့ဘဲ အငြိမ်းခံရတဲ့ နိရောဓအရိယသစ္စာလဲ မသိ ဖြစ်ကြရတယ်။
ပရမတ် သစ္စာခံယူသူဟာ လူတွေ ကျင့်ပွားရမယ့် စာရိတဓမ္မလဲ မသိ၊ ဒါ မသိလို့ စာရိတဓမ္မနဲ့ ခွဲခြမ်း စိတ်ဖြာ အသိခံရမယ့် ကံ ၀ိပါက်တွေလဲ မသိ၊ ကိလေသာလဲ မသိ၊ ကိလေသာငြိမ်းရာလဲ မသိ၊ လူ့အတွက် အမြင်ဖြစ်တဲ့ အသိတရားတွေ ဘာမှမသိတဲ့အဖြစ်တွေ ဖြစ်နေပြီး လူ့စာရိတ္တအသိ သုည ဖြစ်နေတယ်။
လူ့စာရိတ္တဟာ ကံရဲ့နာမည်ပဲ။ ကံဆိုးရင် စာရိတ္တဆိုးပြီး ကံတော်ရင် စာရိတ္တတော်တာပဲ။ ကံကောင်းရင် စာရိတ္တကောင်းတာပဲ။ စာရိတ္တပြီးချင်ရင် ကံ ပြီးအောင် လုပ်ကြရမှာပါ။ ကံပြီးအောင်လုပ်တာဟာ အရိယမဂ် ကျင့်တာကလွဲလို့ တခြား မရှိပါဘူး။
အရိယမဂ် ကျင့်ပွားမှုပေါ် တက်ချင်ရင် အရိယမဂ်မှာ အစုသုံးစု ရှိတယ်။ အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာ အစုတွေပဲ။ အဲဒီမှာ အဓိသီလကလွဲလို့ အရိယမဂ်ပေါ် စပြီးတက်လို့ မရပါဘူး။ အဓိစိတ္တအစုမဂ်က စတက်လို့နဲ့ အဓိပညာအစုမဂ်က စတက်လို့ မရပါဘူး။ အဓိသီလမဂ် အစုဆိုတာ ဘာလဲဆိုတာကို ပရမတ် သစ္စာခံသူအနေနဲ့ မသိနိုင်ပါဘူး။
ဘာဖြစ်လို့မသိနိုင်တာလဲဆိုတော့ အရိယ သစ္စာတရား မသိနိုင်တာတွေဖြစ်လို့ မပြောခဲ့တဲ့ အဗျာကတ တရားကို ပရမတ် သစ္စာခံသူက တက်ရောက်နေလို့ပဲ။ အ္လဲါက ဘာလဲဆိုတော့ ဒီ လူ့လောကဟာ မမြဲဘူး ဆိုတာပေါ်ပါပဲ။ ပါဠိမှာ အသဿတော လောကော လို့ပါပဲ။ လူ့လောကကို မမြဲဘူးမြင်ရင် လူ့ လောကမှာ ဖြစ်ရတဲ့ စာရိတ္တဖြစ်တဲ့ကံကို ဘယ်လိုလုပ်မှ သိလို့မရတော့တာ ဖြစ်လို့ လူ့လောက ငြိမ်းချမ်းဖို့ မငြိမ်းချမ်းဖို့တွေ ပြောစရာမရှိ ဖြစ်တော့တာပေါ့။
အဓိသီလကို ပါတိမောက္ခသံဝရသီလလို့ ပရမတ် သစ္စာခံသူတွေအနေနဲ့ မြင်ချင်ကြတယ်။ အဓိသီလကို အရိယသစ္စာအမြင်မရှိလို့ မသိကြရာကနေ မြတ်ထက်မြတ်ဖြစ်တဲ့ ဒီ သီလပဲ ဖြစ်ရမယ်ထင်လို့ ပြောကြတာပဲ။ အဲဒါအဓိသီလဖြစ်ရင် အဓိစိတ္တဟာ အဓိသီလကို ဘာဝိတလုပ်လို့ ဖြစ်တဲ့ဈာန်ပဲ။ အဓိပညာကလဲ အဲဒီဈာန်က အဘိညာဏ်ဖြစ်ပြီး ပေါက်တဲ့ပညာပဲ။ အဲဒါကျင့်နေသူ သိန်းချီရှိနေသူတွေ မဂ်ပေါက် ဖိုလ်ဝင် အရိယာအရှင်တွေ ဖြစ်နေကြမှာပေါ့။
အရိယာဖြစ်ရင် ကံ သိတယ်ဆိုတာ အဲဒီလူတွေ သိကြသလား။ ကံသိရင် ကံရဲ့အကြောင်းဖြစ်တဲ့ ကိလေသာ ကိုလဲ သိကြရမှာပဲ။ ကံရဲ့အကျိုးဖြစ်တဲ့ ၀ိပါက်ကိုလဲ သိကြရ မှာပဲ။ အဲဒီကံကို အဲဒီကိလေသာက ဘယ်လို ဖြစ်စေတယ်။ အဲဒီဝိပါက်ကို အဲဒီကံကဘယ်လိုဖြစ်စေတယ်။ အဲဒီကံကို ဖြစ်စေတဲ့ကိလေသာကို အဲဒီဝိပါက်က ဘယ်လို ဖြစ်စေတယ် ဆိုတာသိကြရမှာတွေပဲ။ ဒါတွေ သူတို့သိနေကြပြီလား။ အဲဒီကံဝိပါက်ကိလေသာတွေဟာ ဥပါဒါနက္ခန္ဓာတွေ၊ ဥပါဒါန် အာရုံတွေ ဥပါဒါန်တွေအဖြစ်၊ ဥပါဒါန်ကြောင့် ဖြစ်တဲ့ ကံခန္ဓာတွေဟာ ဥပါဒါနက္ခန္ဓာတွေဖြစ်၊ အဲဒီဥပါဒါနက္ခန္ဓာကြောင့် ဥပါဒါန်၏အာရုံ ၀ိပါက်ခန္ဓာတွေဖြစ်၊ အဲဒီဥပါဒါန်အာရုံကို အာရုံပြုလို့ဖြစ်တဲ့ ကိလေသာစိတ်တွေ ဥပါဒါန်တွေဖြစ်ပြီး တခြာလှည့်လှည့် ပြေးသွားနေတဲ့ သံသရာဆိုတာကိုလဲ သူတို့ သိနေကြပြီလား။ အဲဒါတွေ သိလို့ သံသရာပြတ်အောင် ဖြတ်ပြီးနေကြပြီလား။ အဲဒါ သိရင် အဓိသီလ အရယူတာ အဆင်မပြေသေးတာ သိရမှာပဲ။
အဓိသီလဟာ အရိယမဂ်ထဲက အစုတစ်စုပဲ။ အရိယမဂ်ဟာ အစွန်းရောက်တရားနှစ်ပါးမမှီဝဲမှ ထိုးထွင်း သိနိုင်တဲ့တရားပဲ။ အစွန်းရောက်တရားနှစ်ပါးဟာ ကာမကံနဲ့ မဟဂ္ဂတကံတွေရဲ့နာမည်ပဲ။ အဆင်းအသံအစစ ကောင်းကောင်းတွေနဲ့ ရေငုပ်မီးလှုံလုပ်ငန်းတွေထင်တာ မတော်တာဘဲ။ ကာမအာရုံနဲ့ ကာမမဟုတ်တဲ့ရူပါရူပအာရုံ တွေကို ငြိကပ်မှုတဏှာနဲ့ ပြုလုပ်မှုတွေဖြစ်တဲ့အမှုကံကလွဲပြီး ကောက်လို့ဖြစ်ပါ့မလားပဲ။
အဲဒါကို အဲလို မကောက်တတ်တာပဲ။ ပရမတ်ကို သစ္စာခံထားသူဖြစ်လို့ ကံအသိခေါင်းပါးတာကြောင့် မကောက်တတ်တာပဲ။ ကာမသုခလ္လိကာနုယောဂ၊ အတ္တကိလမထာနုယောဂ ဆိုတာတွေကို ကာမတစ်ပုဒ် သုခ တစ်ပုဒ် အလ္လိကတစ်ပုဒ် အနုယောဂတစ်ပ္လု ဆိုတာနဲ့ အတ္တတစ်ပုဒ် ကိလမထတစ်ပုဒ် အနုယောဂတစ်ပုဒ်ဒါတွေစပ်ထားတာကို သဒ္ဒါတွေစာတွေတတ်ကြပေမယ့် ပရမတ်သစ္စာခံဖြစ်တော့ မသိနိုင်ကြတော့တာပဲ။
ကာမ= အာရုံငါးပါး၊ သုခ= ချမ်းသာ၊ အလ္လိက= ငြိကပ်၊ အနုယောဂ= လိုက်လုပ်တာပဲ၊ ဒါကို စပ်တဲ့အခါ အာရုံတွေကြောင့်ဖြစ်တဲ့ ချမ်းသာကို ငြိကပ်မှုနောက် လိုက်လုပ်ခြင်းပဲ။ ဒါဟာ ကာမကံကိုပြောတာ အထင် အရှားပေါ့၊ အတ္တကိလမထာနုယောဂလဲ ဒီလိုပါပဲ။ အတ္တ= မိမိကိုယ်၊ ကိလမထ= ပန်းနွမ်းစေမှု၊ အနုယောဂ= လိုက်လုပ်ခြင်းပဲ။ ဒါတွေဟာ ရန်ကုန်တိုင်း၊ မြောက် ဥက္ကလာပမြို့၊ သုနန္ဒာ ၅ လမ်း၊ အမှတ်၅၊ ဒေါ်ဘယ်သူသို့ ဆိုတဲ့စကားမှာ လိုရင်းက ဒေါ်ဘယ်သူပဲ။ ကျန်တဲ့ စကားတွေက ဒေါ်ဘယ်သူကိုသိဖို့တွေပဲ။ ရန်ကုန်ကို သွားပေးတာ၊ မြောက်ဥက္ကလာကိုသွားပေးတာ၊ သုနန္ဒာသွားပေး တာနဲ့ ၅ လမ်း အမှတ် ၅ အိမ် သွားပေးတာမှာတောင်၊ အခြားအိမ်သားတွေ ပေးရမှာ မဟုတ်တာသိရမှာပဲ။
စာတွေသဒ္ဒါတွေတတ်ကြပေမယ့် ပရမတ်သစ္စာ ဆည်းကပ်သူတွေဟာ အနုယောဂတို့ရဲ့ အရကောက်ရကောင်းမှန်း မသိဖြစ်ပြီး ကာမတွေ သုခတွေ အတ္တတွေ ကိလမထတွေ သွားကောက်နေကြတယ်။
အစွန်းရောက်တရားနှစ်ပါးဟာ ကာမကံတွေနဲ့ မဟဂ္ဂတကံတွေဖြစ်ကြောင်းမသိတော့ ဒီအစွန်းရောက်တာတွေကပဲ ဒုက္ခအရိယသစ္စာအဖြစ်အရှုခံရမှာလဲ မသိပြန်တာပဲ။ မဂ္ဂအရိယသစ္စာက အစွန်းလွတ်တဲ့ကံရဲ့အမည်ပဲ။ အဲဒီမဂ္ဂအရိယသစ္စာကံရဲ့အာရုံဟာ ဒုက္ခအရိယသစ္စာထိုက်တဲ့ အစွန်းရောက်ကံတွေဖြစ်တာလဲ မသိကြတော့တာပေါ့။
ဒါကြောင့် အဲဒီမဂ္ဂအရိယသစ္စာကံဟာ အဓိသီလပဲ။ အဓိသီလရဲ့အာရုံဟာ အစွန်းရောက်ကံတွေပဲ။ အဲဒီကံတွေကို အဓိသီလကံတွေနဲ့သတ်လို့ မာရေန္တော ဂစ္ဆတီတိမဂ္ဂေါ ပြောရတာပဲ။ အဲဒီအဓိသီလမဂ္ဂင် အရိယသစ္စာကို မသိနိုင်တာဟာ ဗုဒ္ဓဘုရားရဲ့စကား မကြားသလိုနေကြလို့ပဲ။ နောင်ဘ၀ဖြစ်၊ မဖြစ် အစစတွေ ဘုရားက သူမပြောဘူးဆိုပေမယ့် အဲဒီအဓိသီလဆောက်တည်တာတွေထဲမှာ နောင်ဘ၀ဖြစ်ဖို့မဖြစ်ဖို့ သုံးသပ်ရည်ရွယ်တာတွေက အပြည့်ပါနေတော့ အဲဒီရည်ရွယ်ချက် စောင့်ရှောက်တဲ့ သီလတွေလဲ ပရာမာသသီလ မိစ္ဆာသီလတွေ အဖြစ်ခံရတာပဲ၊
ဒါတွေကြောင့် ပရမတ်ကိုသစ္စာခံသူဟာ စာရိတ္တ တည်ဆောက်မှုနဲ့စပ်လို့ ဘာအသိပညာမှမရှိသူပဲ။ ဒီလိုသာ ဖြစ်တယ်၊ ဓမ္မ၀ိဟာရီတို့ဟောပြောထားတာထဲက တချို့ စာစုတွေဖြတ်ပြီး ဓမ္မ၀ိဟာရီတို့က စာရိတ္တမရှိလေယောင် မျိုးတွေ မြင်တာမျိုး လုပ်ပြကြသေးတယ်။
လူ့လောကရဲ့ အကျင့်သီလစာရိတ္တကို ဘယ်အမြင်နဲ့တည်ဆောက်လို့ ဒီလိုတွေမြင်နေရသလဲဆိုတာတော့ ဘာမှမသိလို့ ထင်မိထင်ရာ ပြောချက်ပဲလို့ ပြောရမှာပဲ။
ပရမတ်သစ္စာခံသူဟာ လူ့လောကရဲ့အကျင့် သီလစာရိတ္တကို ဘာအမြင်နဲ့တည်ဆောက်နေသလဲ။ လူပျောက်အမြင်အနတ္တအမြင်ပေါ့။ အ္လဲါနဲ့တည်ဆောက် နေကြတယ်။ လူပျောက်မှတော့ လူလောကရဲ့အကျင့်သီလ စာရိတ္တက ဘယ်မှာသွားတည်သလဲလို့ တစ်ခွန်းထဲပဲမေးရ ပါမယ်။
အရိယာကိုသစ္စာခံယူသူဟာ လူ့လောကရဲ့ အကျင့်သီလစာရိတ္တကို ကိလေသာ ကံ ၀ိပါက် ၀ဋ်သုံးပါး လည်ပတ်မှုသံသရာရဲ့ အသုံးမကျမှု အနတ္တအမြင်နဲ့ သင်ခန်းစာယူပြီး တည်ဆောက်မှာဖြစ်ပါတယ်။ ကိလေသာနဲ့လုပ်တဲ့ အမှုကံတွေဟာ အကောင်းမကောင်း အားလုံး အသုံးမကျ အနတ္တတွေချည်းပဲလို့ရှုလို့မြင်တော့ အဲဒီကံအမှုတွေမှာစိတ်ကုန်ပြီး အဲဒီကံတွေ ပြုလိုမှု အာသာ ဖြစ်တဲ့ အနုသယ အာသ၀ သမုဒယ ပယ်ပြီး အဲဒီကံတွေ မဖြစ်တော့ရာ နိရောဓရောက်ပြီး အကျင့်သီလ စာရိတ္တ ကောင်း ဖြစ်စေမယ့် သဘောတရားပဲ ဖြစ်ပါတယ်။
ဒါကြောင့်ပရမတ်သစ္စာခံမှုနဲ့ အရိယသစ္စာခံမှုတို့ဟာ အထက်နဲ့အောက် တောင်နဲ့မြောက်လို အခြားကြီး ခြားပါတယ်။ အဲဒီလိုခြားတာဟာဗုဒ္ဓဘာသာတစ်ခုတည်း အတွင်းမှာဖြစ်ပေမယ့် ဖြစ်ပွားချက်ရလဒ်ကတော့ ပြောခဲ့ပြီးတဲ့အတိုင်း ဖြစ်ပါတယ်။ လူချင်းအတူဖြစ်ပေမဲ့ အသက်ရှုခြင်းက ခြားကြပါတယ်။ ပရမတ်သစ္စာခံတဲ့ဗုဒ္ဓဘာသာနဲ့ အရိယသစ္စာခံတဲ့ဗုဒ္ဓဘာသာဟာလဲဗုဒ္ဓဘာသာချင်းတူတာနဲ့ တူတယ်မထင်ကြစေချင်ပါ။
ဓမ္မ၀ိဟာရီတို့ဗုဒ္ဓဘာသာဟာ အရိယသစ္စာဗုဒ္ဓဘာသာဖြစ်လို့ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာလို့ အမည်ခံပြီး ပရမတ်သစ္စာခံထားတဲ့ ထေရ၀ါဒကို ကျောအခိုင်းကြီးခိုင်းပြီး ရပ်တည်နေတဲ့ ထေရ၀ါဒနဲ့သီးခြားနေတဲ့ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။
ဒီတော့ ထေရ၀ါဒဗုဒ္ဓဘာသာကနေ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာကိုဗုဒ္ဓဘာသာချင်းအတူဖြစ်လို့တူရမယ် ဆိုပြီး ၀ိနိစ္ဆယတင်တာတွေ တရားစွဲတာတွေ လုပ်ကြဦး မယ်ဆိုရင် ဓမ္မ၀ိဟာရီတို့ကလည်း ကိုယ်ကိုးကွယ် ဆည်းကပ်တဲ့ဘာသာကို နှောင့်ယှက်သူများအဖြစ် ပြန်လည်တရားစွဲဖြေရှင်းတာကို မလွဲမသွေ လုပ်ကြရမှာပါ။
တိုင်းပြည်တစ်ပြည်ရဲ့ အခြေခံဥပဒေထဲမှာ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အတိအလင်းပေးထား တာပဲ။ ၁၉၇၄ခု အခြေခံဥပဒေတည်ဆဲကာလဖြစ်တဲ့ ၁၉၈၃ခုနှစ် ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ ထေရ၀ါဒနဲ့ ထေရ၀ါဒရဟန်းသမဏ အဖြစ်ကိုစွန့်လွှတ်ပြီး ပစ္စုပ္ပန် ကမ္မ၀ါဒဗုဒ္ဓဘာသာနဲ့ ဓမ္မ၀ိဟာရီအဖြစ် ကြေငြာရပ်တည်ခဲ့သူဖြစ်ပါတယ်။ အခြေခံဥပဒေခွင့်ပြုချက်အရ ရပ်တည်ခဲ့တာဖြစ်လို့ တရားဝင်ပဲရပ်တည်တာ ဖြစ်ပါတယ်။
ထေရ၀ါဒဗုဒ္ဓဘာသာပိုင်နက်အိမ်ရာ အဖွဲ့အစည်းထဲနေပြီး ထေရ၀ါဒဗုဒ္ဓဘာသာမကြိုက်တဲ့ ပရမတ် ငြင်းဆန်တာမျိုးလုပ်ရင်သာ ဘာသာရေးလွတ်လပ်ခွင့် ပေးထားတယ်ဆိုပေမယ့် လုပ်လို့မရဖြစ်မှာပါ။ ထေရ၀ါဒဗုဒ္ဓဘာသာအဖွဲ့အစည်းနဲ့ မဆိုင်ရာမှာ ထေရ၀ါဒက သဘောမကျပေမယ့် လုပ်ပိုင်ခွင့်ကို နိုင်ငံက တရားဝင် အသိအမှတ်ပြုပြီးဖြစ်တာကို သိရပါတယ်။
ဒါကြောင့် ဓမ္မ၀ိဟာရီတို့ကို ထေရ၀ါဒက တစ်စုံတစ်ရာလုပ်လာရင် ဓမ္မ၀ိဟာရီတို့ကလဲ ငုံ့ခံနေမှာ မဟုတ်တာကို ဒကာဒကာမတို့ကို အသိပေးရမှာပါပဲ။ ဒကာ ဒကာမတို့အနေနဲ့လဲ ဘာမှတွန့်ဆုတ်ရွံ့ကြောက် မဖြစ်ကြဖို့ ဒီရေးခဲ့တဲ့စာအရ အသိပေးတာပါပဲ။
ဒကာဒကာမတို့ဟာ ကံသင်္ခါရတွေရဲ့ အဟုတ် မဟုတ်တာကို မသိသေးရင် သိအောင်လေ့လာကြ၊ ဆွေးနွေး မေးမြန်းကြပါ။ ကံက လူကို မွှေနှောက်ခြောက်ခြားတာတွေ ဖြစ်စေတာကိုသိရင် အဲဒီကံအသိဟာ အရိယာအသိပဲ။ အရိယာဟာ ကံစမြင်တာပဲ။ ကံမြင်ပေမယ့် ကိုယ့်ကို ဒုက္ခပေးတဲ့ကံကို မတွန်းလှန် မငြင်းဆန်နိုင် ဖြစ်ပါဦးမယ်။ အကုသိုလ်ကံကစပြီး ဘယ်လိုဖျက်ဆီးတာလုပ်တယ်။ ဆိုးဝါးတာဖြစ်စေတယ်။ အသုံးမကျတာတွေ ရောက်တယ် ဆိုတာ ရှုကြည့်ပေးပြီး ဒါတွေသိရင် ဒီကံကိုလိုလားတဲ့ သမုဒယသိမ်းပြီး ဒုက္ခငြိမ်းမှာပဲ။ ကာမကုသိုလ်ကံတက်ပြီး အဲဒီလိုပဲ လက္ခဏာတွေတင်ပြီးရှုရမှာပဲ။ အဲဒါမြင်လို့ အဲဒါငြိမ်းရင် ရူပ အရူပ ကုသိုလ်ကံတွေကို ဘယ်လို လူကိုဖျက်ဆီးတယ်၊ ဆိုးဝါးတယ်၊ အသုံးမကျဖြစ်စေတယ် လက္ခဏာတွေနဲ့ ရှုရမှာပဲ။ ဒါတွေမှာ ဒီလိုလက္ခဏာတွေ ထင်လာရင် အဲဒီကံတွေကိုမလိုလားတဲ့ စိတ်တွေပေါ်လာမှာပဲ။ ဒါဆိုရင်သမုဒယပယ်ပြီး အဲဒီကံတွေဖြစ်မှုသိမ်းပြီး ဒီကံတွေငြိမ်းရာ နိဗ္ဗာန်နိရောဓ ဆိုက်တော့တာပေါ့။
ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ ဒကာဒကာမတွေဟာ ဒါကိုမမှိတ်မသုန်ပွားပြီး ဘယ်ကံသင်္ခါရတွေကို အကောင်း ထင်ပါသေးတယ်ဆိုတဲ့အာသာတွေရှိတဲ့ အာသ၀တွေ အကုန်ငြိမ်းပြီးသူ ဖြစ်ကြရမှာပါ။ အဲဒါကိုပဲ စိတ်လုံလက်လုံနဲ့ မိမိတို့လုပ်ဆောင်စရာကို အကြောက် အရွံ့ အတွန့်အဆုတ်မရှိ အေးချမ်းစွာ လုပ်ဆောင်နိုင် ကြအောင် ဒီစာကို ရေးလိုက်တာပဲ။ ဒီအချိန်မှာ ဒီစာ ရေးဖို့ လိုအပ်လာလို့ပေါ့။
ဒကာဒကာမတို့ကို ဘာသာတရားဆည်းကပ်မှု နဲ့စပ်ပြီး ခြောက်ကြ ဟောက်ကြတာတွေအတွက် အမြင် ရေးပြခဲ့တာ စာတွေအတော်ရှည်သွားပြီ။ ဒီမှာပဲ ဒါကို အဆုံးသတ်မယ်။

ရှင်ဥာဏ

(ဓမ္မ၀ိဟာရီ)
File Attachment:
File Name: Answer_From_Dhamma_Viharri.pdf
File Size: 97360

1 comment:

Anonymous said...

ညာန ငရူးရဲ့ စာတွေများ တင်မနေစမ်းပါနဲ့
ထေရ၀ါဒဖြန့်မှာလား ငရူးစာဖြန့်မှာလား